အသက်ကြီးသည်အထိ အရွယ်ကျမသွားဘဲ နုပျိုနေချင်တယ်ဆိုရင် ဒီအချက်လေးတွေလုပ်ပေးပါ

အလှအပကြိုက်တာ၊ အသက်ကြီးတဲ့အထိ နုချင်လှချင်ကြတာကတော့ မိန်းကလေးတိုင်းပါပဲ။ ဒါပေမယ့် အသက်ရလာရင်တော့ အရေးအကြောင်းတွေဖြစ်လာတာမျိုး၊ အမည်းစက်တွေဖြစ်လာတာမျိုးတွေကလည်း အနည်းနဲ့အများရှိလာမှာပါပဲ။

အဲ့ဒီဇရာလက္ခဏာတွေလုံးဝမဖြစ်လာအောင် မတားနိုင်ပေမယ့် အရွယ်မတိုင်ခင် စောစောစီးစီး အရေးအကြောင်းတွေဖြစ်မလာအောင်တော့ တားဆီးနိုင်ပါတယ်။ အသက်ကြီးတဲ့အထိ အရွယ်မကျချင်ဘူးဆိုရင်တော့ ဒီအချက်လေးတွေ သိထားဖို့လိုပါတယ်။

နေရောင်ကာလိမ်းဆေးလိမ်းဖို့လိုပါတယ်

နေရောင်ကာလိမ်းဆေးမလိမ်းဘဲနေတာက အသားအရေကိုကြမ်းတမ်းစေပြီး အမည်းစက် အရေးအကြောင်းတွေကို စောစောစီးစီးဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲထွက်ထွက်မထွက်ထွက် နေရောင်ကာလိမ်းဆေးကိုပုံမှန်လိမ်းပေးသင့်ပါတယ်။

ခေါင်းအုံးစွပ်တွေ နှစ်ပတ်တစ်ခါလောက်လဲပေးဖို့လိုပါတယ်

ခေါင်းအုံးစွပ်ပေါ်က အညစ်အကြေးတွေက အသားအရေကိုပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်ကို နှစ်ပတ်တစ်ခါလောက်လဲလှယ်ပေးဖို့ လိုပါတယ်။

ဝက်ခြံတွေထွက်လာရင်လက်နဲ့ဆိတ်တာ၊ညှစ်တာမလုပ်ပါနဲ့

ဝက်ခြံတွေထွက်လာတဲ့အခါ လက်နဲ့ဆိတ်တာ၊ညှစ်တာတွေလုပ်ရင် အသားအရေကဒဏ်ဖြစ်သွားပြီး အညိုအမည်းကွက်တွေ ဖြစ်သွားပါတယ်။ အဲ့ဒီထင်ရှားတဲ့အမာရွတ်တွေက သင့်ကိုအိုမင်းရင့်ရော်တဲ့ပုံစံဖြစ်စေပါတယ်။ ဒါကြောင့် ဝက်ခြံတွေထွက်လာရင် လက်နဲ့သွားမဆိတ်၊မညှစ်မိအောင် ထိန်းထားပါ။

ရေနွေးနဲ့ရေမချိုးပါနဲ့

ရေနွေးနဲ့ရေချိုးခြင်းက အသားအရေခြောက်သွေ့မှုကိုဖြစ်စေပြီး အရေးအကြောင်းတွေ လွယ်လွယ်နဲ့ဖြစ်စေပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် ရေအေးနဲ့ပဲရေချိုးသင့်ပါတယ်။

ဖုန်း၊ကွန်ပျူတာကိုမရပ်မနားကြည့်မနေပါနဲ့

ဖုန်း၊ကွန်ပျူတာစခရင်မ်တွေကို ဆက်တိုက်ကြည့်နေခြင်းက မျက်လုံးထောင့်စွန်းနဲ့ပါး၊လည်ပင်းတွေမှာ အရေးအကြောင်းတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖုန်း၊ကွန်ပျူတာစခရင်မ်များများကြည့်ရသူတွေက နာရီဝက်တစ်ခါလောက် လမ်းထလျှောက်ပေးတာ၊ ခေါင်းလေ့ကျင့်ခန်းလုပ်တာတွေလုပ်ပေးပါ။

မိတ်ကပ်တွေအများကြီးမလိမ်းပါနဲ့

မိတ်ကပ်တွေအများကြီးလိမ်းတာကလည်း အသားအရေပျက်စီးစေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ ဒါကြောင့် မိတ်ကပ်တွေကို မလိုအပ်ဘဲအများကြီးလိမ်းတာမျိုး၊ နေ့တိုင်းမိတ်ကပ်ထူထူလိမ်းတာမျိုးမလုပ်ပါနဲ့။ မိတ်ကပ်ပါးပါးလေးပဲလိမ်းပါ၊ ပြီးရင်လည်း မိတ်ကပ်ကိုသေချာဖျက်ပေးပါ။

တစ်နေ့ကိုနှစ်ကြိမ်ပဲမျက်နှာသစ်ပေးပါ

တစ်နေ့နှစ်ကြိမ်အထက်မျက်နှာသစ်တာက အသားအရေပေါ်ကအဆီဓာတ်တွေကိုဆုံးရှုံးစေပြီး ခြောက်သွေ့စေပါတယ်။ ဒါက အရေးအကြောင်းတွေကိုဖြစ်စေပါတယ်။ ဒါကြောင့် တစ်နေ့တာအတွက် မနက်တစ်ကြိမ် ညတစ်ကြိမ်ပဲ မျက်နှာသစ်ပေးသင့်ပါတယ်။

written by PP

Be the first to comment

Leave a Reply

Your email address will not be published.


*