ကိုယ်ခံအားအတွက် ဆေးဖက်ဝင်ဒန့်သလွန်

ကိုယ်ခံအားအတွက် ဆေးဖက်ဝင်ဒန့်သလွန်

ဒန့်သလွန်ပင်သည် မြန်မာပြည်တစ်နှံ့တစ်လျားတွင် အလွန်ပေါများစွာပေါက်ရောက်သော အပင်မျိုး ဖြစ်သည်။ဈေးများတွင်လည်း ဒန့်သလွန်သီး၊ ဒန့်သလွန်ရွက်တို့ကို နေ့စဉ်ရာသီမရွေး ဝယ်ယူရရှိနိုင်ပါ သည်။ ထိုသို့ လွယ်ကူပေါများစွာရရှိနိုင်သော ဒန့်သလွန်သီး၊ ဒန့်သလွန်ရွက်၊ ဒန့်သလွန်ပွင့်တို့တွင် လူတို့ ခွန်အား စွမ်းပကားအတွက် အထောက်အကူပြုမည့် သြဇာဓာတ်အပြည့်အဝ ပါဝင်သည်ကိုမူ သိသူ နည်းပါး လိမ့်မည်ဟု ယူဆရပါသည်။

ယနေ့ဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ကိုဗစ္ ရောဂါအတွက် ကုသဆေးမရှိ သဖြင့် လက်ဆေးခြင်း၊ နှာခေါင်းနှင့်ပါးစပ်ကို ကာကွယ်ခြင်း၊ လူထူထပ်သောနေရာသို့မသွားခြင်း၊ အိမ်တွင်း အောင်းနေထိုင်ခြင်း စသည်များ ပြုလုပ်ကာကွယ်နေကြရသည်။ ထိုပိုးရှိသူနှင့် ထိတွေ့မိသူမှန်သမျှကို သီး ခြားခွဲထားပြီး (၁၄) ရက် (၂၁) ရက် စသည်ဖြင့် စောင့်ကြည့် ခံရပြီးမှ ရောဂါပိုးရှိမရှိ၊ ကူးစက်ခံ ရခြင်းရှိမရှိ၊ အဖျားရှိမရှိ စစ်ဆေးပြီးမှ မိမိနေထိုင်ရာနေအိမ်(သို့မဟုတ်)လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခွင့်ပြုသည်။

ဤရောဂါပိုးကို လူအများ အလွန်ကြောက်ရွံ့ကြသော်လည်း အမှန်တစ်ကယ်မှာ ကူးစက်ခံရသူ တိုင်း မသေဆုံးပါ။ သေဆုံးမှုရာခိုင်နှုန်းမှာလည်း အလွန်နည်းပါသည်။ သက်ကြီးရွယ်အိုနှင့် မူလရောဂါအခံ ရှိသူများသာ ဤရောဂါကြောင့် သေဆုံးနိုင်သည်ဟု သုတေသနက တွေ့ရှိထားပါသည်။ အချို့သူများ ရောဂါပိုးတွေ့သော်လည်း မဖျားမနာသည်ကို ထူးဆန်းစွာတွေ့ရတတ်သည်။

ကိုယ်ခံအား

ရောဂါပိုးရှိသူနှင့်ထိတွေ့ပြီး ကူးစက်ခံရသည့်တိုင်မဖျားမနာ၊ဖျားနာသည့်တိုင်အချိန်တန်လျှင် ကုသ ပျောက်ကင်းသွားသူများမှာ မူလကိုယ်ခံအားကောင်း၍ဖြစ်သည်။ကြံ့ခိုင်သောအုတ်ကျောက်တို့ဖြင့်ဆောက် လုပ်ထားသောတိုက်အိမ်သည် သာမန်လေမုန်တိုင်းဒဏ်၊ မိုးဒဏ်လေဒဏ်ကို ခံနိုင်သကဲ့သို့ဖြစ်သည်။

ကိုယ်ခံအားဟုခေါ်သော လူတို့၏ အတွင်းစွမ်းအားမှာ နေ့စဉ်ပုံမှန်စားသောက်သော အစာအာ ဟာရမှ မူလရရှိသည်။ နေ့စဉ်စားသောက်သော အစားအသောက်တို့သည် တန်ဖိုးကြီးသော်လည်း ကိုယ်ခံ အားအတွက် အာဟာရအပြည့်အဝပါချင်မှ ပါလိမ့်မည်။ တန်ဖိုးမများသော်လည်း အာဟာရဖြစ်စေသော ကိုယ်ခံစွမ်းအားဖြစ်စေသော အသီးအနှံအစားအသောက် များစွာရှိသည်။ ထိုအစားအစာများကို နေ့စဉ်စား ဖြစ်အောင် ရွေးချယ်စားသောက်ဖို့လိုသည်။

အနောက်တိုင်းဆေးပညာရှင်များက ဝင်လာသောရောဂါကို ပြန်လည်ခုခံတိုက်ဖျက်နိုင်ဖို့ ကိုယ် တွင်းအာဟာရနှင့် ဗီတာမင်ဓာတ်များစွာလိုသည်။ ရောဂါကာကွယ်ရေအတ ဗီတာမင်(C)ကို အထူးညွှန်း သည်။ ရောဂါကူးစက်မှုမှ ကာကွယ်ဖို့ ဗီတာမင်စီ ကြွယ်ဝသော အသီးအနှံများကို နေ့စဉ်များများစားသုံး ပေးဖို့ လိုအပ်သည်ဟု ဆိုသည်။ဗီတာမင်စီ ကြွယ်ဝသော အစားများအဖြစ် အချဉ်ဓာတ်များသော အသီးအနှံများနှင့် အထူးသဖြင့် နေ့စဉ်ပေါပေါများများ စားသုံးနေသော အသီးအနှံများထဲမှ ငရုတ်သီးနှင့် မာလကာသီးတွင် ထူးထူးခြားခြား ဗီတာမင်စီဓာတ် ပါဝင်သည်ဟုဆိုသည်။ ထို့အတူ ဒန့်သလွန်ရွက်တွင်လည်း ဗီတာမင်စီများစွာပါဝင်သည်။

ဒန့်သလွန်ရွက်တွင် ပါဝင်သော ဗီတာမင်များဒန့်သလွန်ရွက်မှာ ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်းနှင့် ဗီတာမင်စီဓာတ် များစွာပါဝင်သည်ဟု ဆို သည်။ ဒန့်သလွန်အပွင့်တွင်လည်း ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာ မင်စီနှင့် ပရိုတိန်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သည်ဟု ဆိုသည်။

မြန်မာလူမျိုးတို့သည် ဒန့်သလွန်သီး၊ ဒန့်သလွန်ရွက်ကို နှစ်သက်စွာ ချက်ပြုပ်စားသောက်လေ့ ရှိ ကြသည်။ ဒန့်သလွန်သီးကို အချဉ်ရည်ဟင်း ချက်ပြုပ်လေ့ရှိပြီး ဒန့်သလွန်ရွက်ကို ကြော်လို့တစ်ဖုံ၊ ဟင်းခါး ရည်ချက်၍ တစ်မျိုး စားသုံးကြပါသည်။

ဒန့်သလွန်ရဲ့ ရုက္ခဗေဒအမည်က Moringa Oleifera ဖြစ်ပြီး Horseradish tree, drumstick tree, Ben Oil Tree လို့ ခေါ်တွင်ပါသည်။ဒန့်သလွန်၏ ဇာတိမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး အပူပိုင်းဒေသနိုင်ငံများကို ပြန့်နှံ့ပေါက်ရောက်နေပါသည်။ ယခုအခါ အာဖရိကနိုင်ငံများ တောင်အမေရိက၊ သီရိလင်္ကာ၊ မက်ဆီကို၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် စီးပွားဖြစ် စိုက်ပျိုးလျှက်ရှိကြသည်။ ဒန့်သလွန်အသီးအပွင့်၊ အရွက်အား လုံးတွင် ဗီတာမင်ဓာတ်များကြွယ်ဝပြီး တစ်ပင်လုံး လွှင့်ပစ်စရာမရှိအောင် အဖိုးတန်လှပါသည်။ မြန်မာနိုင် ငံမှာတော့ ဒန့်သလွန်ရွက်ဟင်းရည်ကို သွေးတိုးရောဂါရှင်များအတွက် ချက်ပြုပ်ပေးလေ့ရှိကြသည်။ အခြား နိုင်ငံများမှာတော့ အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင်ထည့်ကာ ချက်ပြုပ်လေ့ရှိသည်။ ဒန့်သလွန်သီးအနုများကို ဟင်းချက်စားပြီး ရင့်သောအသီးမှ အစေ့များကိုထုတ်ယူပြီး မြေပဲကဲ့သို့ စားသုံး ကြသည်။ အစေ့မှ ဆီထုတ်ယူပြီး စားသုံးဆီ၊ စက်သုံးဆီအဖြစ်လည်း အသုံးပြုသည်။ (Wikipedia မှ)

ဒန်သလွန်ပွင့်၏ အစွမ်း

ဒန့်သလွန်အသီးနှင့် အရွက်ကို စားသုံးမှုများသည် ဒန့်သလွန်အစေ့ကိုမူ ဆေးအဖြစ် အသုံးပြုကြ သည်။ သို့သော် ဒန့်သလွန်အပွင့်၏ ဆေးဖက်ဝင်ပုံကို သိသူနည်းသည်။ ဒန့်သလွန်ပွင့်သည် ကိုယ်ခံအား ကောင်းရုံသာမက အတွင်းအား စွမ်းအားများကိုပါ ကောင်းစေသည်ဟု ရှေးဆေးကျမ်းများတွင် ဖတ်ရှုရ သည်။ ဒန့်သလွန်ပွင့်များကို အသီးကင်းကလေးများမထွက်မီ လှိုင်လှိုင်ပွင့်ပြီး သူ့အလိုလို ကြွေကျသဖြင့် ကောက်ယူ သိမ်းဆည်းနိုင်သည်။ အပွင့်များကို အခြောက်ခံပြီးလည်း သိမ်းဆည်းထားနိုင်သည်။

ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီးများထဲမှ နာမည်ကြော်ကြားသည့် ဆရာခဲအား ဆေးဟူ၍ ရှိသည်။ ဆေးနည်းမှာ “ပရန္နဝါ ပါးပါးလွှာ၊ သကာပျားနှင့်ဖက်၊ ဒန့်သလွန်ပွင့်၊ အုန်းဆံရင့် ချိန်သင့်ညီမျှစွက်၊ မင်းတုန်းမင်းခေါင် သူသုံးဆောင်၊ ဘုန်းရောင်နေသို့လက်” အထက်ပါဆေးနည်းကဗျာ ကို နန်းတွင်းသမားတော်ကြီး ဆရာခဲမှ မင်းတုန်းမင်းတရားကြီးကို အားဆေးအဖြစ် ဆက်သခဲ့သည့် နည်း အတိုင်း မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။

ဆေးနည်းအရဆိုလျှင်

(၁) ပရန္နဝါပင် ပဥ္စငါးပါးကို ပါးပါးလှီးထားရမည်။ (၂) အလေးချိန်တူ ဒန့်သ လွန်ပွင့်ကို ယူထားရမည်။ (၃) အုန်းသီးဆံရင့်ရင့် (၄) ပျားရည် (သို့်မဟုတ်) သကာရည်တို့ကို အလေးချိန် အညီအမျှ ထည့်ပြီး ရေလေးခွက်ထည့်ကာ တစ်ခွက်သာကျန်အောင်ကျိုရမည်ဟု ဆိုသည်။ ထိုဆေးရည်ကို နံနက်၊ ည ဟင်းစားဇွန်းတစ်ဇွန်း လိုအပ်လျှင် နှစ်ဇွန်း သောက်သုံးပေးခြင်းဖြင့် အားနည်းသောရောဂါ၊ ပိန် ချုံးသောရောဂါ၊ အမျိုးသားများတွင် ပန်းသေပန်းညှိုးရောဂါ၊ အမျိုးသမီးများတွင် မီးယပ်ပိန် မီးယပ်ခြောက် ရောဂါများ ပျောက်ကင်းနိုင်သည်ဟု ဆိုသည်။ (သကာပျားဆိုရာတွင် အချို့ကလည်း ပျားရည်နှင့် သကာ ရည်မရလျှင် သကြားအလေးချိန်ဆတူထည့်၍ ကျိုသည်ဟုဆိုသည်။ ရှေးစာဖြစ်၍ လင်္ကာကို အဓိပ္ပယ်ဖော် ရာတွင် မူကွဲများရှိသည်။ မိမိဉာဏ်ရှိသလို ဖော်စပ်နိုင်ပါသည်။)

ဒန့်သလွန်အသီး၊ အရွက်၊ အပွင့်တို့၏ ဆေးဖက်ဝင်ပုံများ

၁။ ဒန့်သလွန်သီး အတွင်းမှ အသားကို အစေ့များပါ ခြစ်ယူပြီး ဘဲဥနှင့် ကြော်စားလျှင် ကူးစက်မြန်သည့် နှာစေး၊ ချောင်းဆိုးနှင့် တုတ်ကွေးရောဂါကို ပျောက်ကင်းစေနိုင်သည်။

၂။ ဒန့်သလွန်သီးကို ကုလားပဲနှင့် ရောပြီး ခရမ်းသီး၊ အာလူး၊ ငရုတ်သီး စသော အခြားအသီးအနှံများနှင့် ရော၍ ကုလားဟင်းချက်ကာ မာဆလာ အုပ်၍ စားသုံးလျှင် အာကာသပွင့်ပြီး ဖျားချင်သလိုဖြစ်ခြင်း၊ မစားချင်မသောက်ချင်ဖြစ်ခြင်း၊ ခံတွင်းပျက်ခြင်းများမှ ကာကွယ်နိုင်သည်။

၃။ ဒန့်သလွန်သီးကို မီးဖုတ်ပြီး အတွင်းသားများကို ခြစ်ယူကာ ငါးမြွေတိုးနှင့်ရောပြီး မာဆလာအုပ်၍ ဟင်း ချက်စားလျှင် ညောင်းကိုက်ဖျားရောဂါကို သက်သာစေနိုင်သည်။

၄။ ဒန့်သလွန်သီးကို ပြုပ်ပြီး အသားကို ခြစ်ယူ၍ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူဖြင့် ရောထောင်းစားလျှင် လျှာအရသာမရှိသော ရောဂါကို ပျောက်ကင်းစေနိုင်သည်။

၅။ ဒန့်သလွန်ရွက်ကို ဟင်းခါးချက်သောက်လျှင် အဖျားအနာ ကင်းစင်စေနိုင်သည်။

၆။ ဒန့်သလွန်ရွက်ကို ကြက်သွန်ဖြူဖြင့် ဟင်းချိုချက်သောက်လျှင် သွေးတိုးရောဂါမှ ကာကွယ်နိုင်သည်။

၇။ ဒန့်သလွန်ရွက်၊ ရဲယိုရွက်၊ ပိုးစာရွက်တို့ကိုရောပြီး ဟင်းချိုချက်သောက်လျှင် နို့မထွက်သောမိခင် နို့ ထွက်စေနိုင်သည်။

၈။ ဒန့်သလွန်ရွက်ကို ခွေးတောက်ရွက်နှင့်ရောပြီး ကြက်ရိုးထည့်၍ ဟင်းချိုချက်သော်လျှင် အညောင်း အကိုက်ရောဂါ၊ ဒူလာရောဂါ၊ အဖျားငုတ်၍ ကိုက်ခဲသောရောဂါ၊ ခါးနာရောဂါများပျောက်ကင်းစေနိုင်သည်။

၉။ ဒန့်သလွန်ရွက်ကို အခြောက်လှန်း အမှုန့်ပြု၍ သိမ်းထားပါ။ ဖျားနာသောအခါ၊ ညောင်းကိုက်သောအခါ ရေနွေး မတ်ခွက်တစ်လုံးတွင် ဟင်းစားဇွန်း တစ်ဇွန်းခန့် ထည့်၍ အုပ်ထားပြီး ရေနွေးကြမ်းသောက်သကဲ့သို့ သောက်ပေးလျှင် အဖျားတက်ခြင်းမှ ကာကွယ်နိုင်သည်။

၁၀။ အဖျားတက်၍ မျက်လုံးမဖွင့်ချင်ဖြစ်လျှင် မေးခေါ်မရဖြစ်လျှင် ဒန့်သလွန်ရွက်ကို အရည်ညှစ်ပြီး မျက် လုံးကို ဖွင့်၍ မျက်စဉ်းခပ်ပေးလျှင် အဖျားကျစေနိုင်သည်။ သတိလစ်ခြင်းမှ ကာကွယ်နိုင်သည်။

၁၁။ ဒန့်သလွန်အပွင့်ကို ရေနွေးဖျောပြီး အသုပ်ပြုလုပ်စားလျှင် လေးဖက်နာ၊ အဆစ်အမျက်ရောင်နာများ သက်သာစေနိုင်သည်။ ငှက်ဖျားကဲ့သို့ အချိန်မှန် ဖျားသော အဖျားကိုလည်း ကာကွယ်နိုင်သည်။

၁၂။ ဒန့်သလွန်အစေ့ကို (၃)စေ့မှ (၅)စေ့အထိ ဝါးစားပေးလျှင် သွေးတိုးတက်ခြင်းမှ လျှင်မြန်စွာကျစေနိုင် သည်။ (အသီးအရင့်မှ နေလှန်းပြီးရသော အစေ့ခြောက်ကို သိမ်းထားပါ။)

၁၃။ ညဖက်တွင်ထ၍ ဆီးအကြိမ်များစွာ သွားရသောရောဂါအတွက် ဒန့်သလွန်ရွက်ကိုထောင်းပြီး အရည် ညှစ်ယူကာ ဟင်းစားဇွန်း (၃) ဇွန်းစာတွင် ပျားရည်တစ်ဇွန်း စပ်သောက်ခြင်းဖြင့် သက်သာစေနိုင်သည်။

ကိုယ်ခံအား ကောင်းစေလိုလျှင်

ကိုယ်ခံအားဆိုသည်မှာ အာဟာရစားသုံးရာမှ အသည်းတွင်သိုလှောင်ထားသော ကိုယ်ခံဓာတ်ကို ရည်ညွှန်းသည်။ အသည်းသည် လိုအပ်သောအခါ ထိုကိုယ်ခံအားကို ခန္ဓာကိုယ်သို့ ဖြန့်ဖြူးပေးသည်ဟု ဆိုသည်။ အာဟာရကို စားသုံးသည် ဆိုရာတွင် အသားဓာတ်သာမကဘဲ ကစီဓာတ်််် အနောက်တိုင်းအလို အရ ဗီတာမင်ဓာတ်များပါ စုံလင်အောင် ပါဝင်ဖို့လိုသည်။ အသီးအနှံများစားသုံးခြင်းသည် ကိုယ်ခံအားကို ကောင်းစေသည်။ ပဲကို နေ့စဉ်စားသုံးခြင်းသည်လည်း ကိုယ်ခံအားကို တောင့်တင်းစေသည်။

အစိမ်းရောင်အသီးအရွက်များသည် မျက်စိအကြည်ဓာတ်ကို ဖြစ်စေသည်သာမက ပြင်ပမှဝင်လာ သည့် သီတတေဇော ခေါ် အအေးဓာတ် လွန်ကဲခြင်းကိုလည်း ခုခံကာကွယ်နိုင်သည်ဟု ဆိုသည်။ အအေး ဓာတ်ပတ်ဖွဲ့လျှင် နှာချေ၊ ချောင်းဆိုးရာမှ သလိပ်ခဲခြင်းကိုလည်း ကာကွယ်နိုင်သည်။ အစိမ်းရောင် ကွမ်း ရွက်သည် အာကာသရစေသကဲ့သို့ အစိမ်းရောင်ဒန့်သလွန်ရွက်သည်လည်း အာကာသရစေနိုင်သော အား ကိုးရသည့် သဘာဝ အသီးအရွက်ဖြစ်သည်။ကိုယ်ခံအား နည်းသူများ သွေးတိုး၊ ဆီးချို၊ နှလုံးအားနည်း၊ ကျောက်ကပ်အားနည်းရောဂါရှိသူ များသည် ဒန့်သလွန်အသီးအရွက်တို့ကို တစ်ပတ်လျှင် နှစ်ကြိမ်ထက်မနည်း ပုံမှန်စားသုံးပေးလျှင် ကိုယ်ခံ အားတက်လာပြီး အာကာသပိတ်ဆို့သည့် ရောဂါအပေါင်းမှ ကင်းဝေးနိုင်မည်ဖြစ်သည်။ ဒန့်သလွန်ရွက် သည် ဈေးပေါသော်လည်း အဖိုးတန်သော ရောဂါကာကွယ်ရေး အထောက်အကူပြု အရွက်ဖြစ်သည်။ ဒန့် သလွန်သီးနှင့် အပွင့်တို့်သည်လည်း ကိုယ်ခံစွမ်းအားအတွက် အထောက်အကူ များစွာပေးနိုင်ပါသည်။ ပုံ မှန် စားသုံးပေးကြရန် တိုက်တွန်းရေးသားအပ်ပါသည်။

ကြည်လွင်မြင့် (မုဒြာ)

Be the first to comment

Leave a Reply

Your email address will not be published.


*